International News

ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုကြောင့် ဂျပန်နိုင်ငံ၏ ခရီးသွားလုပ်ငန်းကျဆင်းလာနိုင်ပြီး စီးပွားရေး ထိခိုက်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သတိပေး

Last Updated:

တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု တာရှည်နေမည်ဆိုပါက ဂျပန်နိုင်ငံ၏ ခရီးသွားလုပ်ငန်း၊ လက်လီရောင်းချမှုနှင့် ပို့ကုန်ကဏ္ဍတို့ကို ထိခိုက်နိုင်ပြီး စီးပွားရေးကျဆင်း စေနိုင်မည်ဟု ဂျပန်နိုင်ငံဆိုင်ရာ IMF ကိုယ်စားလှယ် အကြီးတန်းအရာရှိ   Mr. Paul Cashin က Reuters သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုတွင်  ပြောကြားခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုသည် ဂျပန်နိုင်ငံ၏ စီးပွားရေးကို ကျဆင်းမှုကို ဖြစ်စေနိုင်သည် အဆိုပါရောဂါ ပြန့်ပွားမှုသည် ကြာရှည်နေမည်ဆိုပါက တရုတ်နှင့် အခြား နိုင်ငံများမှလာရောက်ကြသည့် ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်မှုကျဆင်းသွားနိုင်ပြီး ဂျပန်နိုင်ငံ၏ ခရီးသွားလုပ်ငန်း၊ လက်လီစျေးကွက်တို့ကို သိသိသာသာ ထိခိုက်နိုင်မည်ဟု ပြီးခဲ့သည့် အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် သတိပေးပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုနှင့်အတူ ဂျပန်နိုင်ငံမှ ကုမ္ပဏီများ၏ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် အထိခိုက်ရှိနိုင်မည်ဖြစ်သဖြင့် ဂျပန်၏ ကုန်သွယ်ရေး နှင့်ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင်လည်း သက်ရောက်မှုများစွာ ရှိနိုင်မည်ဖြစ်ပါသည်။

Cashin က ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို မည်ရွေ့မည်မျှထိခိုက်မည်ဟု ခန့်မှန်းပြောဆို ခဲ့ခြင်းမရှိသော်လည်းလာမည့် ဧပြီလအတွင်း ထုတ်ပြန်မည့် IMF ၏ကမ္ဘာလုံးဆိုင်ရာခန့်မှန်းချက် တွင် ဂျပန်နိုင်ငံအနေဖြင့် ယခုကဲ့သို့ စီးပွားရေးပိုင်း ထိခိုက်မှုရှိနိုင်ကြောင်းကို ထည့်သွင်းသုံးသပ်သွားမည်ဟု ဆိုပါသည်။

တရုတ်နိုင်ငံမှ အစပြုခဲ့ပြီး နိုင်ငံပေါင်း ၃၀ ခန့်အထိ ပြန့်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကြောင့် ကမ္ဘာ့တတိယစီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံ အနေဖြင့် ၎င်း၏ မော်တော်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်မှု၊ လက်လီစျေးကွက်တို့တွင် ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏ ဒုတိယအကြီးဆုံး ပို့ကုန်စျေးကွက်ဖြစ်သည့် တရုတ်နိုင်ငံကို အားထားနေရခြင်းကြောင့် အနည်းနှင့်အများ ထိခိုက်နိုင်မည်ဖြစ်ပါသည်။

စာရင်းဇယားများအရ ဂျပန်နိုင်ငံသို့ နှစ်စဉ် တရုတ်နိုင်ငံမှ ခရီးသွားများ ဝင်ရောက်မှုသည် ၃၀% ခန့်ရှိပြီး ယခင် ၂၀၁၉ ခုနှစ်တွင် ၄၀ ခန့်ထိ တရုတ်ခရီးသွားများ လာရောက်ခဲ့သဖြင့် အဆိုပါရောဂါပြန့်ပွားမှုသည် ဂျပန်နိုင်ငံ၏ လက်လီစတိုးဆိုင်များနှင့် ဟိုတယ်လုပ်ငန်းများကိုပါ သိသိသာသာထိခိုက်စေနိုင်မည်ဟု သုံးသပ် ကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

ရင်းမြစ်။ The Japan Times, The Asahi Shimbun, Kyodo News.

 

Category: International News